ကျောက်တန်း ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူ၊ ကျောက်တန်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ် အတွင်းရှိ ကျေးရွာများ၌ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာဝန်ရှိသူများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် Bruno Mars Co;Ltd မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသော နရွဲချောင်-မုဆိုးဆိပ်-ဘိုးဘကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး Hyper Myanmar Co;Ltd မှ ဆောင်ရွက်လျက်ရှိသော ကရင်ချောင်ကျေးရွာ ရေသန့်စင်စနစ် လုပ်ငန်း စတင်ဆောင်ရွက် နေမှုများအား ကွင်းဆင်းကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် သွားကြရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တာဝန်ရှိသူများအဖွဲ့သည် ကျေးရွာပြည်သူများ၏ တင်ပြချက်အရ ကုလားတန်း-ဇွဲကနာ-ကရင်ချောင် ကျေးရွာ ကုန်ထုတ်လမ်း တံတား ဆောင်ရွက်နိုင်ရန်အတွက် မြေပြင်အနေအထားများကို ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး ကျေးရွာများတွင် နွေရာသီ ရေရှားပါးပြတ်လပ်မှု မရှိစေရေး ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း(ကျောက်တန်း)