တာချီလိတ်မြို့၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ပူးပေါင်းဆောင်ရွက်

တာချီလိတ် ဧပြီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်တီများဖွဲ့စည်းကာ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းကာ  ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။

တာချီလိတ်မြို့၌ မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများအေးချမ်း လွတ်လပ်ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် လုံခြုံရေး၊ ယာဉ်အသွားအလာ စနစ်တကျဖြစ်စေရေး၊ ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များတည်ဆောက်ခြင်း၊ စတုဒိသာဧည့်ခံကျွေးမွေးခြင်းများနှင့် မြန်မာ့ရိုးရာ သနပ်ခါးသင်္ကြန်၊ လက်ဖက်သင်္ကြန်၊ ထမနဲသင်္ကြန်၊ ကော်ဖီသင်္ကြန်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ယိမ်းအဖွဲ့များသည်လည်း  ရိုးရာယဉ်ကျေးမှုထင်ဟပ်စေမည့် ဖျော်ဖြေတင်ဆက်မှုများအား စနစ်တကျလေ့ကျင့်ပြင်ဆင်လျက် သင်္ကြန်ရက်များတွင် ယိမ်းအဖွဲ့ရှစ်ဖွဲ့၏ သင်္ကြန်ယိမ်းအကအလှများ၊ သင်္ကြန်တေးသီချင်းများ၊ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပ သွားမည်ဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ ထံမှ သိရသည်။

ထို့ပြင် နှစ်ဆန်းတစ်ရက်နေ့တွင် မြို့တွင်းအန္တရာယ်ကင်းပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးပူဇော်ပွဲနှင့် ဇီဝတဒါနငါးလွှတ်ခြင်းများကို မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)