မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူဦးရေမှာ ယနေ့အထိ (၅၈၀၁) ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (ဌ)ရပ်ကွက်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးအသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင့်ဇော် ဦးဆောင်သော အဖွဲ့ဝင်များ၊ (ဌ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမိုးကျော် ဦးဆောင် သောအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များက ရပ်ကွက်အတွင်း အိမ်ခြေများပြီး လူဦးရေထူထပ်သော နေရာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အသိပညာပေး ပြောကြားခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask အား မပျက်မကွက် တပ်ဆင်ရန်နှင့် လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောရန်၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အထူးဂရုစိုက်ရန် စသည့် အချက်များကို အသိပညာပေး ပြောကြားခဲ့ပြီး နှာခေါင်းစည်း Mask များအား အခမဲ့ဝေငှခဲ့ ကြောင်း သိရသည်။
မြမြဝင်း (ပြန်/ဆက်)