နတ်တလင်းမြို့နယ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ် စတင်ဆောက်လုပ်

နတ်တလင်း ဧပြီ ၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဗဟိုရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲ‌တော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်နှင့် ဗဟို‌ရေကစားမဏ္ဍပ်ဆောက်လုပ်ခြင်းကို မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မဏ္ဍပ်ဆောက်လုပ်ရေးအဖွဲ့နှင့် မြို့ပေါ်ရပ်ကွက်များမှ ဝိုင်းဝန်းကူညီသူများဖြင့် ဇီးကုန်းကလေးရပ်ကွက်၊ ရန်ကုန်-ပြည်ကာလမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီးရှေ့တွင် ဆောင်ရွက်လျက်ရှိသည်။

မဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ / ပိတ်ပွဲနှင့် ကြိုဆိုနေရာချထားရေး၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးနှင့် အခမ်းအနားပြင်ဆင်ဆောင်ရွက်ရေး၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေရေး၊ ကျွေးမွေးဧည့်ခံရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုံခြုံရေးနှင့် ပြည်သူများ ရေကစားနိုင်ရေးတို့ကို ဌာနဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)