နမ့်စန်(တ) ဧပြီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင်၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်အား အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါသင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ယိမ်းအကအဖွဲ့များအနေဖြင့် မိမိတို့ သတ်မှတ်နေရာများအလိုက် ကြိုတင်လေ့ကျင့်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်စန်မြို့နယ်တွင် ဌာနဆိုင်ရာနှင့်၊ ရပ်ကွက်နှင့်ကျေးရွာများမှ ယိမ်းပြိုင်ပွဲဝင်မည့် အကအဖွဲ့ (၈)ဖွဲ့ရှိပြီး ပြိုင်ပွဲပထမရက် သင်္ကြန်အကျနေ့ညပိုင်းတွင် အမှတ်(၅)ရပ်ကွက်ယိမ်းအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနယိမ်းအဖွဲ့၊ အမှတ်(၉၃၁)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း ယိမ်းအဖွဲ့နှင့် အမှတ်(၃)ရပ်ကွက်ယိမ်းအဖွဲ့တို့ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဒုတိယရက် သင်္ကြန်အကြတ်နေ့ညပိုင်းတွင် အမှတ်(၁)ရပ်ကွက်ယိမ်းအဖွဲ့၊ အခြေခံပညာဦးစီးဌာန ယိမ်းအဖွဲ့၊ အမှတ်(၄) ကျေးရွာယိမ်းအဖွဲ့နှင့် အမှတ်(၄)ရပ်ကွက် ယိမ်းအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကာ သင်္ကြန်အတက်နေ့ညပိုင်းတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှ စတင် ၍ နမ့်စန်မြို့ အမှတ်(၂)ရပ်ကွက် မြိုနယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်တွင် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဆုပေးပွဲအစီအစဉ်များ၊ ယိမ်းအကပြိုင်ပွဲများ၊ နေ့စဉ်၊ညစဉ် ဖျော်ဖြေရေး အဆိုအကများနှင့် စတုဒီသာအကျွေးအမွေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟိုမဏ္ဍပ်အနီးတွင် လမ်းလျှောက်သင်္ကြန်ကို ပေ ၃၀၀ အရှည် အဆောက်အဦများ ဆောင်ရွက်၍ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ မုန့်လုံးရေပေါ် သင်္ကြန်များထည့်သွင်း၍ စတုဒီသာအကျွေးအမွေးများ နေ့စဉ်လှူဒါန်းကျွေးမွေးကာ ပြည်သူများအေးချမ်းသာယာပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)