မြစ်ကြီးနားမြို့၌ ဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွား

မြစ်ကြီးနား     ဇန်နဝါရီ    ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နယ်မြေ (၁၃) ၌ ယနေ့နံနက် ၅ နာရီခန့်တွင် ပလပ်ပေါက် ဝါယာကြိုး အပူလွန်ကဲရာမှ လူနေအိမ် (၁)လုံး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရမ်ပူရပ်ကွက်နယ်မြေ (၁၃) (၂၀) ပေ (၂၀)ပေ အုပ်ညှပ်၊ ထရံကာသွပ်မိုး(၂) ထပ်အိမ်၏ အပေါ်ထပ်တွင် တပ်ဆင်ထားသော ပလပ်ပေါက်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၃၀)ဦး၊ အရန်တပ်ဖွဲ့ဝင် (၁၀)ဦးတို့သည် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီးဖြင့်  မီးငြှိမ်းသတ်ခဲ့ကြောင်းနှင့် မီးကို ပေါ့ဆစွာ အသုံးပြုသူ အိမ်ပိုင်ရှင်အား မြစ်ကြီးနားမြို့နယ် အမှတ်(၂) နယ်မြေရဲစခန်းမှအရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

စိန်ဝင်း(ပြန်/ဆက်)