တာမွေ ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော နွေရာသီကွန်ပျူတာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစံရှိန်က မုဒိတာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာက သင်ခန်းစာပို့ချချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးအောင်ခင်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်များက သင်တန်းအတွက် လိုအပ်သောအလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
အဆိုပါ နွေရာသီကွန်ပျုတာသင်တန်းကို ၂၀၂၆ - ခုနှစ် ဧပြီလ(၆)ရက်နေ့မှ မေလ(၁)ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကွန်ပျူတာနည်းပညာနှင့်ပတ်သက်သည့် အခြေခံသဘောသဘာဝများကို သိရှိနားလည်ပြီး လက်တွေ့ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)