တပ်ကုန်း ဧပြီ ၇
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခြင်းကို ယမန်နေ့ညနေပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုဃ်းကောင်း ဆုတောင်းပြည့်ဘုရားရင်ပြင်တော်တွင် ကျင်းပခဲ့သည်။
ဦးစွာ တပ်ကုန်းမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူ၊ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ စတုဒိသာမဏ္ဍပ်များ၊ သနပ်ခါးမဏ္ဍပ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ပွဲတော်လုံခြုံရေး၊ ကျန်းမာရေး၊ ယိမ်းအဖွဲ့နှင့်ဖျော်ဖြေရေး ဆောင်ရွက်ထားရှိမှုလုပ်ငန်း အစီအစဉ်များ ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က မဟာသင်္ကြန်ပွဲတော် ပိုမိုစည်ကားနိုင်ရေး၊ အများပြည်သူများ အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရေး၊ တင်ပြမှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ပြီး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် အလှူငွေ သိန်း ၃၀ အား လုပ်ငန်းကော်မတီဥက္ကဋ္ဌထံပေးအပ်ကာ ဗဟိုမဏ္ဍပ်တည်ဆောက်ထားရှိမှုနှင့် လမ်းလျှောက်သင်္ကြန်နေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ မိုဃ်းကောင်း ဘုရားကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဘဒ္ဒန္တဝိဇယဆရာတော်အား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မန္တလေးမြေငလျင်ကြောင့် ပျက်စီးခဲ့သည့် ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိကာ လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်