ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်

ကော့မှူး ဧပြီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ယနေ့ကမ္ဘာကြီးတွင် နည်းပညာများသည် တစ်စထက်တစ်စတိုးတက်ပြောင်းလဲလျက်ရှိရာ ကွန်ပျူတာကိုခေတ်နှင့်အညီ အသုံးပြုခြင်းကြောင့် လုပ်ငန်းများပိုမိုမြန်ဆန်ထိရောက်‌ကြောင်း၊ လူငယ်များအ‌နေဖြင့် အားလပ်ချိန်တွင် အခြေခံကွန်ပျူတာကို တက်မြောက်စေရန်ရည်ရွယ်၍ အခြေခံကွန်ပျူတာသင်တန်းအား အခမဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်ဒေါ်‌ဇင်မာ‌အေးက ပြောကြားရာတွင် ကွန်ပျူတာပညာရပ်သည် ကမ္ဘာပေါ်တွင် အလေးပေးသင်ကြားနေရသော ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ကွန်ပျူတာကျွမ်းကျင်တတ်မြောက်မှုသည် ယနေ့အချိန်အခါတွင် မရှိမဖြစ်လိုအပ်နေပြီဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာဖြင့် ကွန်ပျူတာပညာရပ်အား စိတ်ပါဝင်စားစွာလေ့လာသင်ယူကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းဆရာဦးထက်မြက်သူက သင်တန်းသား/ သင်တန်းသူများကို Computer Typing ၊ Mouse Skill ၊ English & Myanmar Typing လက်ကွက်ကျွမ်းကျင်မှု Skill ၊ About Computer System၊ Microsoft Word စသည့်ဘာသာရပ်များကို ဧပြီ (၇) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)