ကော့မှူး ဧပြီ ၇
စားသုံးသူပြည်သူများအား စားအုန်းဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိမရှိကို တာဝန်ရှိသူများက လိုက်လံစစ်ဆေးနေကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်၊စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ်များနှင့်အတူ စားအုန်းဆီဖြန့်ဖြူးရောင်းချပေးလျက်ရှိသော လက်ခိုက်ကျေးရွာ၊ မကျီးတန်းရပ်ကွက်၊ ကျိုက်ထော် (မြောက်) ကျေးရွာ၊ ငှက်အော်စမ်းကျေးရွာ၊ အဖျောက်ကျေးရွာများ၌ စားအုန်းဆီရောင်းချသူများအား စားအုန်းဆီသတ်မှတ်ခွဲတမ်း အတိုင်းအပြည့်အဝရရှိမှု ရှိ/မရှိနှင့် သတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချမှုရှိမရှိတို့အား လိုက်လံစစ်ဆေးနေကြပြီး စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာဖြင့် အခက်အခဲမရှိ ဝယ်ယူစားသုံးနိုင်ရေးအတွက် သတ်မှတ်စားအုန်းဆီခွဲတမ်းများ လုံလောက်စွာ ချထားပေးခဲ့ပြီး သတ်မှတ်အခြေခံ လက်ကားရည်ညွှန်းဈေးအား အပတ်စဉ်တနင်္လာနေ့တိုင်း ထုတ်ပြန်ပေးလျက်ရှိကြောင်း မိမိတို့ရပ်ကွက်အတွက် ရရှိသည့် စားအုန်းဆီခွဲတမ်းအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး စားအုန်းဆီထုတ်ယူခွင့်စာအုပ်ဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်သူရ