မွန်ပြည်နယ် ရေးမြို့နယ်၌ ရေလုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်း ဖွင့်လှစ်

မော်လမြိုင် ဩဂုတ်   ၅

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွန်ပြည်နယ် ငါးလုပ်ငန်းဉီးစီးဌာနမှ "ရေ လုပ်သားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း အမှတ်စဉ် ( ၄ / ၂၀၂၀ )" ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက  ရေးမြို့နယ် အဘော်ကျေးရွှာရှိ ရွှေဖူးစာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဌေးဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းတို့မှ အဖွင့်အမှာ စကားများပြောကြား၍ သင်တန်းကိုဖွင့်လှစ်ပေးပြီး သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်လူကုန်ကူးမူတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ မြို့နယ်တာဝန်ခံ ရဲအုပ် ဦးအောင်ကျော်ထူး၊ မြို့နယ်ကြက်ခြေနီကော်မတီဝင် ဦးထွန်းစိန်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဝင်းမြင့်နိုင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဝင်းကိုကိုဦး၊ သံဖြူ ဇရပ်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးမြင့်ဝေ၊ မြို့နယ်ငါးလုပ် ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဦးသန်းထိုက်နှင့် အဘော် ကျေးရွှာ အုပ်ချုပ်ရေးမှူး ဦးစိုးထွန်းနှင့် ရပ်မိရပ်ဖများတက်ရောက်ကြသည်။

အဆိုပါသင်တန်းတွင်  ပင်လယ်ငါးဖမ်းရေယာဉ် လုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက် အန္တရာယ်ကင်းရှင်းရေး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ CITES နှင့် မျိုးသုဉ်း ရှားပါး ရေနေနို့တိုက် သတ္တဝါထိန်းသိမ်းရေးဆောင်ရွက်နေမှုများ၊ တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီးခြင်း ဆိုင်ရာ များ၊ အင်္ဂလန်ကျား(ကျားဖေါင်) လုပ်ငန်းဆိုင်ရာ လိုက်နာရမည့် တာဝန်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ ရေလုပ်ငန်းရှင် နှင့် ရေလုပ်သားနှစ်ဦးသဘောတူ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် အချက်အလက် သိကောင်းစရာများ၊ VMS  အတွက် ညွှန်ကြားချက်အမှတ်-၅/၂၀၁၈၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများအား ငါး လုပ်ငန်း ဦးစီးဌာနနှင့် ရေကြောင်းရဲ တို့ပူးပေါင်းစစ်ဆေးခြင်းလုပ် ငန်းဆိုင် ရာများ အကြောင်းတို့ကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ရေးမြို့နယ် အခြေပြု ကမ်းဝေးငါးဖမ်းရေယာဉ်များမှ ရေလုပ်သား ၆၀ ဦးတက်ရောက်လျက်ရှိရာ သင်တန်းကာလမှာ ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ရေလုပ်သားများ ပင်လယ်ငါးဖမ်းဆီးရေးလုပ်ငန်ခွင်အတွင်း သဘာဝဘေးအန္တရာယ်အပါအဝင် (ထိခိုက်ဒဏ်ရာရ သည့်အခါ/ စက်ပျက် လှေမျောတဲ့အခါ/ ရုတ်တရက် လှေမီးလောင်တဲ့အခါ/ ရေနစ်သူ ပြုစုနည်း/ အသက် ကယ် အင်္ကျီဝတ်ဆင် အသုံးပြုမူ) ရုတ်တရက်ကြုံတွေ့ရတဲ့အခါ စနစ်တကျတုန့်ပြန်နိုင်ရန်၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေများအား သိရှိနားလည်စေရန်၊ တားမြစ်ထားသည့် ငါးဖမ်းကိရိ ယာများနှင့် မျိုးတုန်းရှားပါး ရေသတ္တဝါများအား ကာကွယ်စောက်ရှောက်နိုင်ရန်၊ ငါးဖမ်းလှေစောင့်ကြည့်ရေးကိရိယာအား သိရှိနားလည်စေရန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားဆိုင်ရာဥပဒေ၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာတွေနှင့် ဥပဒေများအား သိရှိနားလည်စေရန်ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ခရိုင်(ပြန်/ဆက်)