ဟိုပုံး ဧပြီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အစားထိုးဖွံ့ဖြိုးမှုအကောင်အထည်ဖော်ရေးစီမံခန့်ခွဲမှုအဖွဲ့ ဒုတိယအကြိမ် ရှေ့ပြေးစီမံကိန်း(Pilot Project)အရ စီမံကိန်းနယ်မြေအတွင်း ပအိုဝ်းတိုင်းရင်းသားရိုးရာအထည်ချုပ်သင်တန်းနှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီး သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂) နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့မှ နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးကျောင်းရှိ သက်မွေးပညာရေးဌာန၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပအိုဝ်းတိုင်းရင်းသားရိုးရာအထည်ချုပ်သင်တန်းနှင့် ပအိုဝ်းတိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီး သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးခဲ့ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စိန်စက်ချုပ်လုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးကာ နောင်တောင်းသီလရှင်ကျောင်းရှိ သီလရှင်ဆရာလေးအား သွားရောက်ဖူးမြော်ပြီးနောက် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)