မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်း ဧပြီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဟိုရမ်းကျေးရွာနှင့် နားဖန်းကျေးရွာတို့၌ ကျင်းပခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပြီး လယ်ယာမြေဆိုင်ရာကိစ္စရပ်များ၊ စက်သုံးဆီကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် MSME လုပ်ငန်းများ ထိခိုက်မှုမရှိစေရေးတို့ကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ မြန်မာ့ရိုးရာအတာသင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း