တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေးပဉ္စမနေ့ ကျင်းပ တိုင်းဒေသကြီးဝန်ကြီးချုပ် အတည်ပြု

မန္တလေး ဧပြီ ၆

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ဧပြီလ ၆ ရက် ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၇၂) ဦးရှိသည့် အနက် (၇၂)ဦးတက်ရောက်သည့်အတွက် ရာနှုန်းပြည့် တက်ရောက်ကြသည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတကအဆိုပြုထားသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်အား ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် လွှတ်တော်သို့တင်ပြပြီး အမည်စာရင်းတင်သွင်းထားသည့် ပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဌာန ၈ ခုနှင့် တိုင်းဒေသကြီးဝန်ကြီးဦးရေ ၈ ဦး သတ်မှတ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အပါအဝင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးများဦးရေ ၇ ဦးသတ်မှတ်ခြင်းတို့ကို လွှတ်တော်သို့တင်ပြပြီး အဆိုပါ ကိစ္စရပ်များ သတ်မှတ်ခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း ပေးသွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက စက်မှု၊ စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ၊ ပြည်သူ့ရေးရာနှင့် လူမှုရေးဆိုင်ရာ ကော်မတီနှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာကော်မတီများတွင် ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၏ အမည်စာရင်း၊ ကော်မတီများ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ သက်တမ်းတို့ကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ကော်မတီများဖွဲ့စည်းကြောင်း ကြေညာသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မတီဖွဲ့စည်းရန်လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်တို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြသည်။ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ၎င်းကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ 

ထို့နောက်လွှတ်တော်ဥက္ကဋ္ဌက ကော်မတီဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်းကြေညာသည်။

အစည်းအဝေးပထမပိုင်းကို နံနက် ၁၀နာရီ ၂၅မိနစ်တွင် ခေတ္တရပ်နားလိုက်ပြီး အစည်းအဝေးဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီခွဲတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် အောင်မြေသာစံမြို့နယ်၊ ကိုယ်စားလှယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်၏ အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ကိုရယူသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဌာန ၈ ခုနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဦးရေ ၈ ဦး သတ်မှတ်ခြင်းနှင့် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အပါအဝင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများဦးရေ(၇)ဦး သတ်မှတ်ခြင်းများနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူသည်။

ထို့နောက်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ကော်မတီတွင် ပါဝင်သည့် အဖွဲ့ဝင်ဦးရေ၊ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များနှင့် သက်တမ်းတို့ကို လွှတ်တော်၏အတည်ပြုချက်ရယူပြီး ကော်မတီဖွဲ့စည်းကြောင်း ကြေညာသည်။

မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးဆဋ္ဌမနေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

(၀၉၃)