စစ်တွေ ဧပြီ ၆
တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး (ပဉ္စမနေ့)ကို ယနေ့ နံနက် ၁၀နာရီက ရခိုင်ပြည်နယ် လွှတ်တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေက တတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်ပထမပုံမှန် အစည်းအဝေး (ပဉ္စမနေ့) အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေငြာသည်။ ယင်းနောက် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်း အဝေး(ပဉ္စမနေ့)သို့ မတက်ရောက်နိုင်သော ကိုယ်စားလှယ်များအတွက် ခွင့်ပန်ကြားကာ ပြည်နယ် လွှတ်တော်၏အဆုံးအဖြတ်ကိုရယူသည်။
ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသောသမ္မတက ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရာထူးအတွက် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးအား အဆိုပြုလာခြင်းကို ပြည်နယ်လွှတ်တော်သို့ ကြေငြာသည်။ ဆက်လက်ပြီး အမည်စာရင်းအဆိုပြုလာခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ရန်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် အမည်စာရင်းအဆိုပြုလာခြင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ်အဖြစ် စစ်တွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဦးအား အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတကအဆိုပြုသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးဌာနအရေအတွက်၊ ပြည်နယ်ဝန်ကြီးဦးရေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးရေတို့အား လွှတ်တော်သို့ တင်ပြပြီး ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူသည်။
ထို့နောက် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးဌာနအရေအတွက်၊ ပြည်နယ်ဝန်ကြီး ဦးရေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးရေတို့အား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် အတည်ပြုကြောင်းကြေညာသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)ကို ဆက်လက်ကျင်းပမည့်နေ့အား ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
ဟန်ဝင်းအောင်၊ တင်ထွန်း(ပြန်/ဆက်)