ထန်းတပင် ဧပြီ ၆
၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ဗဟိုရေကစားမဏ္ဍပ် (၁) ခု၊ ရေကစားမဏ္ဍပ်ငယ် (၅၉)ခုတို့ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန်ပါထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်သလို ဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒီသာကျွေးမွေးမှုများဖြင့်လည်း စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ သိရသည်။
ထန်းတပင်မြို့နယ်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ဗဟိုရေကစားမဏ္ဍပ် (၁) ခုနှင့် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာများတွင် ရေကစားမဏ္ဍပ်ငယ် (၅၉) ခုတို့ဖြင့် ဆင်နွှဲသွားမည်ဖြစ်ပြီး အများပြည်သူများပျော်ရွှင်မှုရှိစေရေး လမ်းလျှောက်သင်္ကြန်ကို ဗိုလ်ချုပ်လမ်းမတစ်လျှောက်နှင့် ဖျော်ဖြေရေးအစီအစဉ်များအနေဖြင့်လည်း ဗဟိုရေကစားမဏ္ဍပ်တွင်ယိမ်းအဖွဲ့များမှ နေ့စဥ်ကပြဖျော်ဖြေပေးသွားမည်ဖြစ်သလို တေးဂီတဖျော်ဖြေမှုများဖြင့်လည်း သင်္ကြန်ကာလ စည်းကားစွာကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ထို့အပြင် လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲသူများနှင့် ရေကစားမဏ္ဍပ်တွင် လာရောက်ကာရေကစားကကြသူများကိုလည်း စတုဒီသာများနှင့်ဧည့်ခံကျွေးမွေးသွားမှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ မြို့နယ်အတွင်း အန္တရာယ်ပရိတ်တရားတော်မြတ်ရွတ်ဖတ်ပူဇော်ပွဲများ၊ သက်ကြီးပူဇော်ပွဲများနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများကို ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်လည်း ရေကစားမဏ္ဍပ်များကို မြို့နယ်အတွင်း တည်ဆောက်လျက်ရှိပြီး တည်ဆောက်ပြီးစီးမှုအခြေအနေများကိုလည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့်တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက် (ထန်းတပင်)