နမ့်စန်(တ) ဧပြီ ၆
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်များ တည်ဆောက်ဖွင့်လှစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ပွဲတော်ကျင်းပမည့် ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်ကို ယမန်နေ့နံနက်ပိုင်းမှစ၍ အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့တွင် စတင်ဆောက်လုပ်နေကြောင်း သိရသည်။
အဆိုပါ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်ဆောက်လုပ်နေမှုကို ယနေ့နံနက် ၁၀ နာရီခွဲက မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း၍ တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်(သင်္ကြန်အကြိုနေ့)မှ စတင်၍ နမ့်စန်မြို့ အမှတ်(၂)ရပ်ကွက် မြိုနယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်နှင့်ရေကစားမဏ္ဍပ်တွင် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့်ဆုပေးပွဲအစီအစဉ်များ ၊ ယိမ်းအကပြိုင်ပွဲများ ၊ နေ့စဉ် ၊ ညစဉ်ဖျော်ဖြေရေး အဆိုအကများနှင့် စတုဒီသာအကျွေးအမွေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟိုမဏ္ဍပ်အနီးတွင် လမ်းလျှောက်သင်္ကြန်ကို ပေ ၃၀၀ အရှည် အဆောက်အဦများ ဆောင်ရွက်၍ သနပ်ခါးသင်္ကြန်၊ ကော်ဖီသင်္ကြန်၊ မုန့်လုံးရေပေါ်သင်္ကြန်များ ထည့်သွင်း၍ စတုဒီသာ အကျွေးအမွေးများ နေ့စဉ်လှူဒါန်းကျွေးမွေးကာ ပြည်သူများအေးချမ်းသာယာပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငြိမ်းချမ်းအောင်(နမ့်စန်)