မြစ်ကြီးနား ဧပြီ ၆
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရှိ ဝန်ထမ်းများအား သင်္ကြန်ကာလအတွင်း နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များကို ဧပြီ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက လာမည့် သင်္ကြန်ကာလအတွင်း ဝန်ထမ်းများ စိတ်အေးချမ်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေး၊ တာဝန်များထမ်းဆောင်နိုင်ရေး တဖက်တလမ်းအထောက်အကူဖြစ်စေရန်၊ မိမိတို့တာဝန်ထမ်းဆောင်ရာ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအချင်းချင်း အပြန်အလှန် လေးစားမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေးက ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များထောက်ပံ့ပေးအပ်မည့် အစီအစဉ်များအား ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရှိ အရာထမ်း/ အမှုထမ်းဝန်ထမ်းများအပါအဝင် နေစားဝန်ထမ်းများနှင့် ဈေးညစောင့်များ စုစုပေါင်းဝန်ထမ်း (၉၅) ဦးအတွက် အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်(၆)ပြည်ပါ (၉၅) အိတ်နှင့် ကြက်ဥများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)