ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း ပထမဆုံးအကြိမ် ပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲအား ကြည့်ရှု

ရန်ကုန် ဧပြီ ၆

အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကြီးမှူး၍ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့မှပူးပေါင်းစီစဉ်သည့် ပထမဆုံးအကြိမ် ပိုက်ကျော်ခြင်းလိဂ် ၂၀၂၆ (Myanmar Sepaktakraw League (MSL 2026) ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သု၀ဏ္ဏပိုက်ကျော်ခြင်း အားကစားရုံ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာ‌ကော်မတီ နာယက၊ တိုင်း‌ဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက တက်‌ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ အာရှပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ Mr, Abdul Halim Kader မှ ပေးပို့သော မြန်မာနိုင်ငံ၏ ပထမဆုံးလိဂ်ပြိုင်ပွဲကို အသိအမှတ်ပြုဂုဏ်ပြုစာအား အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (၃)၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (၂) ဦးကျော်ဇင်မိုးက ဖတ်ကြား သည်။

ထို့နောက် ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ အမျိုးသမီးသုံးယောက်တွဲတွင် တတိယဆုရ ADARKHORSE အသင်း၊ ဒုတိယဆုရ YRG အသင်း၊ ပထမဆုရ Youth Camp အသင်း၊ အမျိုးသားသုံးယောက်တွဲတွင် ပထမဆုရ YRG အသင်း၊ ဒုတိယဆုရ ရွှေကျွန်းသားအသင်း၊ ပထမဆုရ ADARKHORSE အသင်း၊ အမျိုးသားလေးယောက်တွဲတွင် ဒုတိယဆုရ ADARKHORSE အသင်း၊ တတိယဆုရ ရွှေကျွန်းသားအသင်းတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသားလေးယောက်တွဲတွင် ပထမဆုရ ADARKHORSE အသင်းအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြင့်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲဝင်အသင်းငါးသင်း ၊အမျိုးသားပြိုင်ပွဲဝင်အသင်း (၁၀) သင်းမှ ပြိုင်ပွဲအမျိုးအစားနှစ်မျိုးအဖြစ် အမျိုးသားသုံးယောက်တွဲ၊ အမျိုးသားလေးယောက်တွဲတို့သည် ပတ်လည်စနစ်ဖြင့် မတ် (၁၄) ရက်နေ့မှ ဧပြီ (၅) ရက်နေ့အထိ ယှဥ်ပြိုင်ခဲ့ကြ‌ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)