ပင်လုံ မတ် ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၁၃၈၇ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို (၁၃.၄.၂၀၂၆) ရက်နေ့မှ (၁၆.၄.၂၀၂၆) ရက်နေ့အထိ လမ်းလျှောက်သင်္ကြန်ပွဲတော်အား စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အခါတွင် ပင်လုံမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လမ်းလျှောက်သင်္ကြန်အတွက် လျှောက်လမ်းများတည်ဆောက်ခြင်း၊ ဖျော်ဖြေရေးအစီအစဉ်အတွက် ဆောင်ရွက်ခြင်း ၊ဖွင့်ပွဲအတွက်ပြုလုပ်ဆောင်ရွက်ခြင်း၊ ရေကစားစင်များ ဆောင်ရွက်ခြင်း၊ စတုဒိသာများ ကျွေးမွေးဧည့်ခံခြင်း၊ ပိတ်ပွဲပြုလုပ်ဆောင်ရွက်ခြင်းနှင့် နှစ်ဆန်း(၁)ရက်နေ့တွင် ပရိတ်တရားတော်နာယူခြင်း၊ သက်ကြီးဘိုးဘွားပူဇော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပင်လုံမြို့ရှိ အထင်ကရ ရတနာကန်တော်ရှေ့တစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယိမ်းအဖွဲ့များ အလှည့်ကျဖျော်ဖြေဆောင်ရွက်သွားမည်ဖြစ်ရာ၊ ပင်လုံမြို့ရှိ ယိမ်းအဖွဲ့လှပျိုဖြူများမှ မြန်မာ့ရိုးရာသင်္ကြန်တွင် ညီညာစွာဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအကများ လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)