နောင်ချိုမြို့နယ်၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်

နောင်ချို ဧပြီ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ မြန်မာတို့၏ မြတ်နိုးတန်ဖိုးထားရာ ပွဲတော်တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ၁၃၈၇ ခုနှစ် ယခုနှစ်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ်  စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည်။

နောင်ချိုမြို့နယ်၏ ဗဟိုမဏ္ဍပ်အား တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် မတ်လ ၃၁ ရက်နေ့မှစတင်၍ စွယ်တော်ရိပ်ကားဝင်းအတွင်း၌ စတင်ဆောက်လုပ်လျက်ရှိပြီး မဟာသင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်ကျေးရွာအတွင်းမှ ယိမ်းအဖွဲ့(၁၇)ဖွဲ့ဖြင့် လည်းကောင်း၊ ‌ခေတ်ပေါ်တေးဂီတများဖြင့်လည်းကောင်း အလှည့်ကျကပြဖျော်ဖြေသွားမည်ဖြစ်ပြီး အဆို/အကများအား ညီညာလှပစွာ သီဆိုကပြဖျော်နိုင်ရန် ကြိုတင်လေ့ကျင့်နေလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အနေဖြင့် ၁၃၈၇ခုနှစ် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်ပွဲတော် အဖြစ်လည်း‌ကောင်း ဌာနဆိုင်ရာများနှင့် အလှူရှင်အသီးအသီးမှ စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခြင်း၊  ပိတ်ပွဲအခမ်းအနားပြုလုပ်ခြင်း၊ နှစ်ဆန်းတစ်ရက်နေ့၌ သက်ကြီးဘိုးဘွားများအား ကန်တော့ခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ  ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း စွယ်တော်ရိပ် ကားဝင်းအနီးတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)