မူဆယ် ဧပြီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ ရွှေလီမြစ်ကမ်းဘေးတွင် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ယိမ်းအကအဖွဲ့များ စုပေါင်းလေ့ကျင့်နေကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှေက်သင်္ကြန်၊ မြန်မာ့ရိုးရာသနပ်ခါးသင်္ကြန်၊ မြန်မာ့ရိုးရာလက်ဖက်သင်္ကြန်၊ မြန်မာ့ရိုးရာထမနဲသင်္ကြန်နှင့် မြန်မာ့ရိုးရာကော်ဖီသင်္ကြန်တို့ကိုပါ ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ယိမ်းအကအဖွဲ့ ၂၁ ဖွဲ့မှ သင်္ကြန်မယ် ၄၀၀ ဦးကျော်တို့က ပါဝင်ဖျော်ဖြေကြမည်ဖြစ်ပြီး၊ အဖွင့်သီချင်းအား မန်းတောင်ရိပ်ခို သီချင်းဖြင့် ဗဟိုမဏ္ဍပ်ရှေ့တွင် ညီညာစွာကပြဖျော်ဖြေကြရန် ယိမ်းအကအဖွဲ့များမှ စုပေါင်း၍ အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှေ့ ကွင်းပြင်တွင် ယမန်နေ့ညနေ ၃ နာရီအချိန်က လေ့ကျင့်ခဲ့ကြောင်းနှင့် အပြီးသတ်လေ့ကျင့်မှုအား ဧပြီလ ၉ ရက်နေ့တွင် ထပ်မံလေ့ကျင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)