မြစ်ကြီးနား ဧပြီ ၆
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအနေဖြင့် ပြည်သူလူထုတွေ့ဆုံရှင်းလင်းပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၃ ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ရွှေညောင်ရပ်ကွက် အတွင်းရှိ ယူချိန်တရုတ်ယဉ်ကျေးမှုကျောင်း၌ ဒေသခံပြည်သူများအား တွေ့ဆုံရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ တရုတ်ဘုံ ကျောင်းတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းထွန်းလှိုင်၊ ဒေါက်တာအောင်ဝင်း၊ ဦးနော်ထွဲနှင့် ဦးဂျန်ခုန့်(ခ)ဦးနော်ခုန့်တို့က ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စီမံကိန်းနှင့် စပ်လျဉ်း၍ ပညာရှင်များ၏ လေ့လာတွေ့ရှိမှု၊ ဘူမီဗေဒဆိုင်ရာတွေ့ရှိချက်များ၊ ကမ္ဘာ့ရေကာတာကြီးများအကြောင်းနှင့် လျှပ်စစ်ဓာတ်အားရရှိမှုနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအကြား နှိုင်းယှဉ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် ရှင်းလင်းဟောပြောကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းအုပ်နှင့် ကျောင်းသားလူငယ်လူရွယ်များက မြစ်ဆုံစီမံကိန်းဆိုင်ရာ သိလိုသည်များနှင့် ၎င်းတို့၏ အမြင်များအပေါ် သိလိုသည်များ မေးမြန်းတင်ပြမှုများအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)