မြစ်သားမြို့ပြည်သူ့‌ဆေးရုံ၌ အပူဒဏ်‌ကြောင့် ဖြစ်တတ်‌သောရောဂါများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကြိုတင်စီစဉ်‌ထား

မြစ်သား ဧပြီ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့  ပြည်သူ့ဆေးရုံတွင် ဧပြီ  ၄ ရက်က စတင်ပြီးအပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများအတွက်  လာရောက်ပြသသည့်လူနာများ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအားကြိုတင် စီစဉ်ထားကြောင်း သိရသည်။

အပူဒဏ်‌ကြောင့် ဖြစ်တတ်‌သောရောဂါများအတွက် ကြိုတင်စီစဉ်ထားရှိမှုနှင့်ပတ်သက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာ နေအောင်စိုးက " ယခုအခါ ပူပြင်းသည့်နွေရာသီကာလသို့ရောက်ရှိနေပြီဖြစ်သဖြင့်  အပူဒဏ်အန္တရာယ်ဖြစ်ပွားမှု အများဆုံး တိုင်းဒေသကြီး/ ပြည်နယ်များတွင် အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများဖြင့်  ပြည်သူ့ဆေးရုံသို့လာရောက်ပြသသောလူနာများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိရာ ကျွန်တော်တို့ မြစ်သားမြို့ပြည်သူ့ဆေးရုံမှာလည်း လူနာများလက်ခံကုသပေးမည့်နေရာကို ကြိုတင်စီစဉ်ထားရှိခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပြင်ဆင်ထားရှိခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုရှိစေရေးအတွက်  အပူဒဏ်အန္တရာယ်လူနာများအရေး ပေါ်ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက်လုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း" ပြောကြားသည်။

မြစ်သားမြို့ ပြည်သူ့ဆေးရုံ၌ အပူဒဏ်ကြောင့်ဖြစ်ပေါ်တတ်သောရောဂါများ လာရောက်ပြသကုသရန်အတွက် လူနာ ၁၀ ဦးစာ ကြိုတင်ပြင်ဆင်ထားပြီး လူနာများပိုမိုများပြားလာပါက ဆက်လက်ကုသနိုင်‌ရေး ပြင်ဆင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)