ကျောက်ဆည် ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ဒေသတွင်းစားသုံးဆီ ဖူလုံ ပိုလျှံရေး နွေနှမ်းသီးနှံများကို တစ်ဧကပန်းတိုင်အထွက်နှုန်းသေချာသည့် ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးလျက်ရှိရာ စပါယ်တောကျေးရွာ တောင်သူဦးမျိုးမင်း၏ ဦးပိုင်အမှတ် (၅၅/၄)၊ ကွင်းအမှတ် (၃၁-ခ)၊ ၂ ဒသမ ၅ ဧက၌ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပေါင်ကြီးတင်စနစ် နွေနှမ်း သီးနှံများစိုက်ပျိုးမည်ဆိုပါက မြေအမျိုးအစားအပေါ်မူတည်၍ (၃)ပေ၊ (၄)ပေအကျယ် မြေပေါင်များပြုလုပ်ပြီး မျိုးစေ့ချကိရိယာဖြင့် စနစ်တကျစိုက်ပျိုးရကြောင်း၊ စနစ်တကျစိုက်ပျိုးမှုကြောင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ ပေါင်းမြက်ရှင်းလင်းရာ၌ လွယ်ကူ ခြင်းနှင့် ရေသွင်းရေထုတ်လွယ်ကူသဖြင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ကာ တစ်ဧက ပန်းတိုင် အထွက်နှုန်း တင်း ၂၀ ကျော်ထွက်ရှိကြောင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပေါင်ကြီးတင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးသည့် တောင်သူများထံမှ သိရသည်။
ကျောက်ဆည်ခရိုင်နှင့်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများက နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေးနှင့် အထွက်နှုန်းကောင်းမွန်စေရေး တောင်သူများနှင့်ပူးပေါင်းပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းသေချာသည့် ပေါင်ကြီးတင်စနစ်ဖြင့် နွေနှမ်းများစိုက်ပျိုးရေး အသိပညာများဖြန့်ဝေပေးလျက်ရှိပြီး ဒေသနှင့်ကိုက်ညီသည့် နွေနှမ်းမျိုးစေ့များဖြန့်ဝေခြင်း၊ စိုက်ပျိုးခြင်းနှင့်အပင်ပြုစုနည်း ပညာများ စနစ်တကျ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)