စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ စားသုံးဆီဖြန့်ဖြူးမှုဆိုင်ရာတွေ့ဆုံပွဲ ကျင်းပ

ချမ်းအေးသာစံ ဧပြီ ၆

စီးပွား​ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသော စားသုံးဆီဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဥ်းကာ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဧပြီ ၄ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက တိုင်းဒေသကြီးအတွင်း စားသုံးသူဆီဖြန့်ဖြူးမှုအခြေအနေများအား ရှင်းလင်းတင်ပြရာတွင် တိုင်းဒေသကြီးအတွက် တစ်လခွဲဝေရရှိတန်ချိန် ၆,၅၅၀ အား ခရိုင်/ မြို့နယ်များအလိုက် ဖြန့်ဖြူးရောင်းချမှုများအား ရှင်းလင်းပြောကြားခဲ့သည်။  

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က “စျေးကွက်အတွင်း စားသုံးဆီများကို စည်းကမ်းချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချသွားရန်၊ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်စည်းမျည်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားကြရန်” လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်ပြီး တက်ရောက်လာသော ဆီလုပ်ငန်းရှင်များမှ သိရှိလိုသည်များအား ဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)