မန္တလေး ဇန်နဝါရီ ၁၄
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ လောကမဏိစူဠာ စေတီတော်ကြီးကို အရန်စေတီလေးဆူနှင့်အတူ ကိုဗစ်အလွန်ကာလ၌ လာရောက်လေ့လာဖူးမြော်နိုင်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့နာယက ဦးစိန်တင် ထံမှ သိရသည်။ လောကမဏိစူဠာ စေတီတော်ကြီးကို သာယာဝတီမင်းတရားကြီးကိုယ်တိုင် သက္ကရာဇ်(၁၂၀၀) ပြည့်နှစ် စတင် တည်ထား ကိုးကွယ်ခဲ့တာကြောင့် ယခုဆိုရင် နှစ်ပေါင်း(၁၈၂)နှစ်ရှိသွားပါပြီ ခေတ်ဆက်ဆက် အလှူရှင်၊ စေတနာရှင်တွေရဲ့ လှူဒါန်းမှုဖြင့် ပြုပြင်မွမ်းမံ ဆောင်ရွက်တာတွေလည်းရှိခဲ့ပါတယ်၊ အတွင်းမဟာရံတံတိုင်း၊ အပြင်မဟာရံတံတိုင်းဆိုပြီး တံတိုင်း နှစ်ထပ်ပါဝင်ပါတယ်၊ အပြင်မဟာရံတံတိုင်း က တစ်ဖက်ကို ပေ(၉၀၀)ရှိပြီး စတုရန်းပတ်လည်လေးဖက်ပေ (၃၆၀၀)ကျယ်ဝန်းပါတယ်၊ အတွင်းမဟာရံတံတိုင်း ကတော့ တစ်ဖက်ကို ပေ(၄၅၀)ရှိပြီး စတုရန်းပတ်လည်လေးဖက်ပေ (၁၈၀၀) ကျယ်ဝန်းပါတယ်၊ တံတိုင်းနှစ်ထပ်အလယ်ဗဟိုမှာ လောကမဏိစူဠာ စေတီတော်ကြီး တည်ထားပြီးတော့ အပြင်မဟာရံတံတိုင်းရဲ့ အတွင်းထောင့်လေးထောင့် မှာ အရန်စေတီလေးဆူ လည်း တည်ထားပါတယ်၊ လက်ရှိမှာ တော့ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ အဆင့်ဆင့်ပြုပြင်မွမ်းမံမှု တွေဆောင်ရွက်ခဲ့ ပါတယ်၊ အပြင်မဟာရံတံတိုင်းဝင်ပေါက် မှ အတွင်းမဟာရံတံတိုင်းဝင်ပေါက်အထိ အရှေ့ဘက်၊တောင်ဘက်၊ အနောက်ဘက် များတွင် စောင်းတန်းများဆောင်ရွက်ထားပြီး မြောက်ဘက်တစ်ဖက်တွင်စောင်းတန်း ဆောင်ရွက်ရန် ကျန်ရှိနေသေးကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဘုရားဖူးခွင့်ပိတ်ထားပြီး ကိုဗစ်-၁၉ အလွန်ကာလတွင် လာရောက်လေ့လာ ဖူးမြော် နိုင်ကြောင်း အဆိုပါ ဘုရားဂေါပကအဖွဲ့နာယက ဦးစိန်တင် က ပြောပြသည်။
လောကမဏိ စူဠာစေတီတော်မြတ်ကို သက္ကရာဇ် (၁၂၀၀) ပြည့် နှစ်တွင် သာယာဝတီ မင်းတြားကြီး ကိုယ်တိုင် မိဖုရားခေါင်ကြီးနှင့်သားတော်၊ သမီးတော်၊ မှူးမတ်ဗိုလ်ပါခြံရံ လျက် ရွှေအုတ် ၊ ငွေအုတ် တို့ဖြင့် စတင်၍ ပထမအုတ်မြစ်ချခဲ့တော်မူသည်။ သက္ကရာဇ် (၁၂၀၃) ခုနှစ်တွင် အောက်ပိုင်းဌာပနတော်လိုက်များပြီးစီး၍ ဌာပနတော် ရေစက်သွန်းချ လှူဒါန်းခဲ့သည်။ သက္ကရာဇ် (၁၂၀၅) ခုနစ်တွင် မဟာတံတိုင်းနှစ်ထပ်နှင့် အရံစေတီတော် (၄)ဆူ၊ ကုဿိန္ဓာရုံ၊ သတ္တဌာန၊ ရေနံချောင်းမြို့စားစေတီတော်များပါတပြိုင်တည်း ပြီးစီး၍ တပြိုင်တည်း ရွှေထီးတော် အထွဋ်တင်ကာ ရေစက်သွန်းချ လှူဒါန်းခဲ့ကြောင်းသိရသည်။ မဟာရံတံတိုင်းနှစ်ထပ်အလယ်ဗဟိုတွင် “ လောကမဏိစူဠာစေတီတော်ကြီး” ဟုကမ္ဗည်းတင်လှူကာ အပြင် မဟာတံတိုင်းအတွင်းထောင့်လေးထောင့်ရှိ အရန်စေတီတော်လေးဆူ ကို အရှေ့တောင် ထောင့်တွင်“ မဟာတိ လောက စေတီ’’၊ အရှေ့မြောက်ထောင့်တွင် ‘လောကပရဓမေစေတီ”၊ အနောက်တောင်ထောင့်တွင် “သုံးလူ့ထိပ်ပန်စေတီ” နှင့် အနောက်မြောက်ထောင့်တွင်် ‘’ရတနာလောကစေတီ’’ ဟူ၍အမည်နာမ ကမ္ဗည်းတပ်ကာ လှူဒါန်းခဲ့ကြောင်း မှတ်တမ်း များအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)