မြင်းခြံ ဧပြီ ၆
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်၌ ယနေ့ နံနက် ၇ နာရီခန့်က ဖုန်းအားသွင်းရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဒေါ်ချိုသင်းလွင် ပိုင်ဆိုင်သောနေအိမ်တွင် ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီးအနီးရှိ ထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာ (၂၄ ပေ× ၁၆ ပေ) သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၂) ထပ် လူနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။ အဆိုပါ မီးလောင်မှုကြောင့် မြင်းခြံမြို့ မီးပေါ့ဆစွာသုံးစွဲသူအား မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။ အဆိုပါ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက်မှုမရှိကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)