ဒဂုံတောင် ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ရဟန်း၊ သာမဏေ၊ သီလရှင်များ၏ ၁၃၈၇ခုနှစ် ၊ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၄ ရက်နေ့ မွန်းတည် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၅၃) ရပ်ကွက်ရှိ အတုလအောင်ဇေယျုံ (ဦးဘိုးလှ) ဘုရားဝန်းအတွင်းရှိ သိမ်တော်ကြီးနှင့် ဓမ္မာရုံများတွင် နောက်ဆုံးနေ့အဖြစ် ဖြေဆိုတော်မူကြကြောင်း သိရသည်။
ထိုသို့ ဖြေဆိုတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ယာယီဥက္ကဋ္ဌ ဒေါ်စမ်းစမ်းစောနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ယာယီဥက္ကဋ္ဌနှင့်အသင်းဝင်များက အအေးများဆက်ကပ်လှူဒါန်းကြသည်။
၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုခြင်းဖြင့် သာသနာတော်သုံးရပ်၏ အခြေခံမူလဖြစ်သော ပရိယတ္တိသာသနာတော်မြတ် သန့်သန့်ရှင်းတည်တံ့ ပြန်ပွားထွန်းကားရေးကိုရှေးရှု၍ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ကာ နေလို ၊ လလို ထွန်းလင်းတောက်ပနေစေရန်အတွက် ဆရာတော် ၊ သံဃာတော်များ၊ သီလရှင်များအား သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးချီးမြှင့်ဆက်ကပ်နိုင်ရန်ရည်ရွယ်ကာ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် ရဟန်း၊ သာမဏေ၊ သီလရှင်များဖြေဆိုနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း လုံခြုံရေးစောင့်ရှောက်မှုပေးခြင်းနှင့် လိုအပ်သောဝေယျာဝစ္စလှူဒါန်းပေးခြင်းများကို မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော်ကြီးဦးစီးသော သံဃာတော် (၃၃)ပါး ကြီးကြပ်တော်မူ၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)