မြစ်သားမြို့နယ်၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

မြစ်သား ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌  စားသုံးဆီဖူလုံပိုလျှံရေးအတွက် ငါးဆူအုပ်စု ရွှေကြာအင်းကျေးရွာတွင် ကင်းတာဆည်ရေနှင့် ပန်းလောင်မြစ်မှမြစ်ရေတင်ခြင်းတို့ဖြင့် ဆီထွက်သီးနှံ တစ်မျိုးဖြစ်သည့်နွေနှမ်းများ ဘောင်ကြီးတင်စနစ် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် ဘောင်ကြီးတင်စနစ် နွေနှမ်း သီးနှံများစိုက်ပျိုးမည်ဆိုပါက မြေအနေအထားပေါ်မူတည်၍ (၃)ပေ၊ (၄)ပေအကျယ် မြေဘောင်များ ပြုလုပ် ပြီးမျိုးစေ့ချကိရိယာဖြင့် စနစ်တကျစိုက်ပျိုးရပါကြောင်း၊ စနစ်တကျစိုက်ပျိုးမှုကြောင့် မျိုးစေ့ကုန်ကျမှု သက်သာကြောင်း၊ ရေသွင်းရေထုတ်လွယ်ကူသဖြင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ကာ နွေနှမ်းရိတ်သိမ်းချိန်မှာ ဈေးကောင်းရရှိရေးမျှော်လင့်ကြောင်း ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းသီးနှံစိုက်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။

တောင်သူများအနေဖြင့်နွေနှမ်းသီးနှံများကို ရှေးသမရိုး ကျပက်ကျဲစနစ်စိုက်ပျိုးခြင်းထက် ဘောင်ကြီးတင်စနစ် စိုက်ပျိုးခြင်းကအထွက်နှုန်းပိုမိုရရှိပြီး များစွာအကျိုး ဖြစ်ထွန်းစေနိုင်မှာဖြစ်ကြောင်း၊ ဘောင်ကြီးတင်စနစ် စိုက်ပျိုးခြင်းအားဖြင့် သီးနှံစိုက်ပျိုးချိန်သဘာဝဘေး အန္တရာယ်ကြောင့် မိုးခေါင်ခြင်း၊ မိုးများခြင်း အခြေအနေများတွင် ရေသွင်းရေထုတ် လွယ်ကူစေခြင်း၊ အပင်ဝင် ဆံ့မှုအရေအတွက်မှန်ကန်ခြင်း၊ အပင်ပြုစုစောင့်ရှောက်လွယ်ကူတို့ကြောင့် နွေနှမ်းသီးနှံဘောင်ကြီး တင်စနစ်စိုက်ပျိုးခြင်းဖြင့် ကောင်းကျိုးများစွာရရှိပြီး  တစ်ဧကပန်းတိုင် အထွက်နှုန်းနှမ်းအတင်း (၂၀)မှ (၂၃) အထိထွက်ရှိနိုင်၍ စိုက်ပျိုးသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)