စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင် စားအုန်းဆီအရောင်းဆိုင်များသို့ ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေ တိုင်းဒေသကြီး စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့နှင့် တိုင်းဒေသကြီးဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း Vinyl များချိတ်ဆွဲဖြန့်ဖြူး ရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များကို စနစ်တကျ ထုတ်ပေးရေးနှင့် ရရှိသော ဆီပိဿာချိန်များကို ပြည်သူများထံသို့ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ  စစ်ဆေးဆောင်ရွက်ပြီး ရောင်းချဖြန့်ဖြူးသူများနှင့် စားသုံးဆီဝယ်ယူသည့် ပြည်သူများအား ဝယ်ယူရောင်းချမှုအခြေအနေနှင့် အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် အိမ်ထောင်စုတစ်ခုအတွက် ဆီစာအုပ်တစ်အုပ်လျှင် တစ်လနှစ်ပိဿာနှုန်းဖြင့် လက်ကား ကိုယ်စားလှယ် ၅၂ ဦး၊ လက်လီကိုယ်စားလှယ် ၇၂၉ ဦးမှ တစ်လလျှင် ဆီတန်ချိန်ပေါင်း ၆,၅၅၀ တန်အား ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ဌာနဆိုင်ရာအဖွဲ့အစည်းများအတွက်ကိုလည်း တစ်လလျှင် နှစ်ပိဿာနှုန်းအား ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)