မြစ်သားမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းများ ဆောင်ရွက်

မြစ်သား ဧပြီ ၆  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေအောင်စိုး ဦးဆောင်၍ ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှမြို့ပေါ် ၆ ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များအား ဧပြီ ၅ ရက်နေ့နံနက် ၉ နာရီကစတင်ပြီး လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်‌ကျွေးပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်း မာရေးဌာနရုံးခန်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံတိုက်‌‌ကျွေးပေးရာတွင် မြို့ပေါ်  ၆ ရပ်ကွက်ရှိ မွေးကင်းစမှ ၁ နှစ်ခွဲအောက် ကလေးငယ်များကို ပုံမှန်ကာကွယ် ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမေးရောင်ငါးမျိုးစပ်ကာကွယ်ဆေးနှင့် ပိုလီယို အကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဂျီ)နှင့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံ ဆို့ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများနှင့်သားဖွားဆရာမတို့က ကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးကင်းစမှ ၁ နှစ်ခွဲအောက်ကလေးငယ်များအား လစဉ် သတ်မှတ်ရက်များတွင် ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံတိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိ ရသည်။

ဝါဝါမြင့် (မြစ်သား)