ဇေယျာသီရိမြို့နယ်၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေးခြင်း၊ အပူရှောင်စခန်း ဖွင့်လှစ်ခြင်းနှင့် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ

ဇေယျာသီရိ ဧပြီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊‌ ဇေယျာသီရိမြို့နယ်တွင် နွေရာသီကာလအတွင်း ကျရောက်လာနိုင်သည့် အပူဒဏ်အန္တရာယ်များမှ အများပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသိပညာပေး လှုံ့ဆော်ခြင်း၊ အပူဒဏ်အန္တရာယ်မှ ကင်းဝေးစေရန် အပူရှောင်စခန်းနှင့် ကျန်းမာရေးကဏ္ဍဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကို သက်ဆိုင်ရာလမ်းညွှန်ချက် များနှင့် အညီ ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိသည်။

ဇေယျာသီရိမြို့နယ်တွင် ထိခိုက်လွယ် (သက်ကြီးဘိုးဘွားများ)၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ အပူရှောင်နားခို နေထိုင်နိုင်ရေးအတွက် ဇေယျာသီရိမြို့နယ် ကြည်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး နားနေဆောင်၌ အပူရှောင်စခန်း ဖွင့်လှစ်ပြီး အဆိုပါ အပူရှောင် စခန်းသို့ လာရောက် နားခိုနေထိုင်ကြသည့် ပြည်သူများအား အပူဒဏ်အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင် ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချစ်ဆုဝေနှင့် ကျန်းမာရေးဝန်ထမ်းများက အပူဒဏ်အန္တရာယ်အကြောင်းနှင့် ကြိုတင်ကာကွယ်ရမည့်ဆောင်ရန်၊ ရှောင်ရန်များ အသိပညာပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ချက်ချင်းဆောင်ရွက်ပေးနိုင်ရန် ယာယီဆေးပေးခန်းအား ယနေ့ ဧပြီလ ၅ ရက်မှ စတင်ဖွင့်လှစ်ထားရှိပါကြောင်း၊ ဇေယျာသီရိမြို့နယ်ဆေးရုံတွင် အပူဒဏ်ကြောင့် လာရောက်ပြသသည့် လူနာများအချိန်နှင့်တပြေးညီ ကုသပေးနိုင်ရန်အတွက် လေအေးပေး‌‌စက် တပ်ဆင်ထားသည့် သီးသန့်အခန်းများ ပြင်ဆင်ထားရှိပြီး လိုအပ်‌သောအရေးပေါ်ဆေးဝါးများနှင့် ဆေးပစ္စည်းကိရိယာများကို အလုံအလောက် အဆင်သင့်စု‌ဆောင်း ပြင်ဆင်ပြီးဖြစ်ပါ‌ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)