သီပေါ ဧပြီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်က အမှာစကား ပြောကြားရာတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန်ကျင်းပမည့်နေရာ၊ ယိမ်းအကအဖွဲ့များ ဖျော်ဖြေနိုင်ရေး၊ စတုဒိသာ ကျွေးမွေးရေးနှင့် ရေပက်ကစားရန် ရေရရှိရေးစသည်ဖြင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်၍ သက်ဆိုင်ရာအလိုက် ဆပ်ကော်မတီ အသီးသီးက ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို ဆွေးနွေးသွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မြင့်အောင်က လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ လည်းကောင်း၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပိုးအိအိစိုးက ဗဟိုမဏ္ဍပ်ဆောက်လုပ်မည့် အစီအစဉ် များနှင့် လိုအပ်ချက်များကိုလည်းကောင်း၊ စည်ပင်သာယာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဖေ ကဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်၊ ရေရရှိရေးနှင့်နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်မည့် နေရာနှင့် ပတ်သက်၍လည်းကောင်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း မြို့နယ်မန်နေဂျာ ဦးရန်အောင်က လျှပ်စစ်မီးနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာရပ်ကွက်၊ တောင်မြို့ရပ်ကွက်နှင့် ပန်းတိမ်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ယိမ်းအကအဖွဲ့များနှင့်ပတ်သက်၍လည်းကောင်း၊ စတုဒိသာ ကျွေးမွေးဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း အသီးသီး အပြန်အလှန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)