မိုင်းယောင်း ဧပြီ ၅
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် မိုင်းယောင်းမြို့၌ ကံ့ကော်ပန်း၊ ပိတောက်ပန်း၊ ငုဝါပန်း၊ စိန်ပန်း၊ ရင်ခတ်ပန်းတို့ ဝေဝေဆာဆာ ဖူးပွင့်လာခြင်းနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ယခုအခါ သင်္ကြန်ယိမ်းအကအဖွဲ့များက မြူးကြွသော သင်္ကြန်တေးသီချင်းများဖြင့် အကလေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။
မိုင်းယောင်းမြို့တွင် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဒေသအာဏာပိုင်များ အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများနှင့် ပြည်သူများအတူ ပူးပေါင်းပြီး လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်သူအားလုံး ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန် ဗဟိုမဏ္ဍပ်ကို လူစည်ကားသော “ကြိုဆိုပါ၏”နေရာ၌ ထားရှိပြီး လမ်းလျှောက်သင်္ကြန်၊ သနပ်ခါးသင်္ကြန်၊ ထမနဲသင်္ကြန်၊ လက်ဖက်သင်္ကြန်နှင့် ကော်ဖီသင်္ကြန်ကို မြို့ကျက်သရေဆောင် ဟိုခုံဘုန်းကြီးကျောင်းရှေ့ လမ်းဆုံမှစ၍ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်ပေါ်ရှိ ဗလမင်းထင်လမ်းမတစ်လျှောက်၌ ယိမ်းအကအဖွဲ့များ ကပြခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း