ညောင်ဦးမြို့၌ အပူရှောင်စခန်းဖွင့်လှစ်ထားရှိပြီး အပူရှောင်ပြည်သူများအား ကြည့်ရှုအားပေး

ညောင်ဦး ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ နွေရာသီ ရာသီဥတုပူပြင်းလာသည်ဖြစ်ရာ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများ အပူဒဏ်အန္တရာယ်မဖြစ်ပေါ်စေရေး ကြိုတင်ကာကွယ်နိုင်ရန် အပူရှောင်စခန်းများ ဖွင့်လှစ်ထားခြင်းနှင့်အတူ အပူဒဏ်အန္တရာယ်ဖြစ်ပေါ်လာပါက အချိန်မီကုသနိုင်ရေး ညောင်ဦးခရိုင် ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်အခန်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ထံက သိရသည်။

ညောင်ဦးမြို့နယ်၌ ရာသီဥတုပူပြင်းလာသည်ဖြစ်ရာ အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေး အပူရှောင်စခန်းများ ဖွင့်လှစ်ထားရှိလျက် ရွှေစည်းခုံဘုရားဝန်း ဝေဇယန္တာဗိမာန်တော်၌လည်းကောင်း၊ အာနန္ဒာဘုရားလိုဏ်အတွင်း၌လည်းကောင်း၊ ထီးလိုမင်းလိုဘုရားလိုဏ်အတွင်း၌လည်းကောင်း၊ သဗ္ဗညုဘုရားလိုဏ်အတွင်းတို့တွင် အပူရှောင်စခန်းဖွင့်လှစ်ထားရှိကာ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများ အပူဒဏ်ကာကွယ်ရေး အပူရှောင်လျက်ရှိကြောင်း သိရသည်။ ညောင်ဦးမြို့နယ်တွင် ယခုတစ်ပတ်အတွင်း သိသိသာသာပူပြင်းလျက်ရှိပြီး နေ့စဉ်နီးပါး ၄၂.၂ ဒီဂရီစင်တီဂရိတ် ပူပြင်းလျက်ရှိရာ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိမှု၊ အပူရှောင်နေရာများတွင် အပူရှောင်ပြည်သူများ အပူရှောင်နေမှုတို့အား ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီး ဒေါ်မြင့်မြင့်သန်း၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်ချထားရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများသည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရင်း နေ့ခင်းပိုင်းအချိန် ဘုရားလိုဏ်များအတွင်း အပူရှောင်လျက်ရှိသည့် အနယ်နယ်အရပ်ရပ်က ပြည်သူများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း