မင်္ဂလာဒုံ ဧပြီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ သပြေညိုပညာဒါန အကျိုးဆောင်အသင်းက ကြီးမှူးဖွင့်လှစ်သော နွေရာသီသင်တန်းများ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ လူငယ်စာဖတ်ရှိန် မြှင့်တင်ရေးသင်တန်းများ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သပြေညိုပညာဒါနကျောင်းဝန်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် သပြေညိုပညာဒါနအကျိုးဆောင်အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က သင်တန်းဆင်း အမှာစကားပြောပြီး အတွင်းရေးမှူး ဦးနေဆန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။
ပြီးနောက် သင်တန်းတွင် ကူညီဟောပြော သင်ကြားပေးသော သင်တန်းဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်း၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ပန်းချီ၊ လူငယ်စာဖတ်ရှိန်မြှင့်တင်ရေး သင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆု၊ အကောင်းဆုံး အသင်းသားဆု၊ သင်တန်း သားထူးချွန်ဆုများရရှိသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ကြသည်။
ထို့နောက် သပြေညိုပညာဒါန အကျိုးဆောင်အသင်းဒု-ဥက္ကဋ္ဌက သင်တန်းဖွင့်လှစ်ရာတွင် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနား သပြေညိုပညာဒါနအကျိုး ဆောင်အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)