မြစ်ကြီးနား ဧပြီ ၅
ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးတွင်အဓိကကျသည့် လေကြောင်းလိုင်းပြေးဆွဲမှုများကို ဖေဖော်ဝါရီ ၂၁ ရက်နေ့စတင်ပြီး လေယာဉ်ပြေးဆွဲမှုူများ ရပ်နားထားခဲ့ရာမှ ယနေ့ ဧပြီ ၄ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် မြစ်ကြီးနားလေဆိပ်၌ ခရီးသည် တင်လေကြောင်းလိုင်းများ စတင်၍ ပြန်လည်ပြေးဆွဲနေပြီဖြစ်သည်။
အဆိုပါ လေကြောင်းလိုင်းများပြေးဆွဲခြင်းကို ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း ထိခိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ စတင်၍ လေယာဉ်ပြေးဆွဲမှုများကို ရက်ပေါင်း ၄၀ ကျော်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မြစ်ကြီးနားလေဆိပ်၌ လေကြောင်းလိုင်းများ ဆင်းသက်မှုရပ်နားထားခဲ့ရာမှ ယမန်နေ့ ဧပြီ ၄ ရက်နေ့တွင် ပြည်တွင်းပြေးဆွဲလျက်ရှိသော Air ThanLwin လေကြောင်းလိုင်း စတင်ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး အများပြည်သူ ခရီးသွားလာမှုအဆင်ပြေစေရေးအတွက် မြစ်ကြီးနားလေဆိပ်မှ ပုံမှန်ပြေးဆွဲနေကြသော လေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air ThanLwin လေကြောင်းလိုင်း၊ မန်းရတနာဘုံလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်းစသည့် လေကြောင်းလိုင်း (၄)ခုမှ တစ်ပတ်လုံးအလှည့်ကျပြေးဆွဲသွားမည်ဖြစ်သည့်အပြင် ပူတာအိုလေဆိပ်သို့လည်း မြန်မာအမျိုးသားလေကြောင်းလိုင်းမှ တစ်ပတ်လျှင် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေ နှစ်ရက်ပြေးဆွဲပေးသွားမည်ဖြစ်သည့်အပြင် မန်းရတနာဘုံလေကြောင်းလိုင်းနှင့် မင်္ဂလာလေကြောင်း လိုင်းတို့မှလည်း ပူတာအိုသို့ပြေးဆွဲနိုင်ရေး စီစဉ်ထားကြောင်း မြစ်ကြီးနားလေဆိပ်တာဝန်ခံ ဦးစည်သူ ထံက ရှင်းလင်းပြောပြသည်။
ယခုအခါ လေကြောင်းလိုင်းများ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမည်ဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ခရီးသွားလာမှု၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကြောင့် ခရီးသွားလာမည့်သူ များ ပိုမိုအဆင်ပြေသွားမည်ဖြစ်သည့်အပြင် ဌာနဆိုင်ရာများ၏ ရုံးလုပ်ငန်းများမှာလည်း ပိုမိုအဆင်ပြေချောမွေ့စွာဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်