ကွန်ဟိန်းမြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၃၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ကွန်ဟိန်း ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်အဖြစ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ (ပထမသုံးလပတ်) အတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွား(၁၃၆)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၁၃၆)ဦး အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် (၃၀,၀၀၀)ကျပ် နှင့် အသက်(၁၀၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၆)ဦးအား ကိုဗစ်ကာလ ထပ်ဆောင်းထောက်ပံ့ငွေ တစ်ဦးလျှင်(၃၀,၀၀၀)ကျပ်အား ထောက်ပံ့နိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှ  ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် သွားရောက်၍ ထောက်ပံ့ပေးအပ်​ခဲ့ကြောင်း သိရသည်။

ပြည့်စန္ဒီမြင့် (ပြန်/ဆက်)