ချင်းရွှေဟော် ဇန်နဝါရီ ၁၄
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီလ (၁၂)ရက်နေ့က (၄၄)ဉီးနှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က (၁၄)ဉီး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၅၈)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၅၈)ဉီးတို့မှာ အမျိုးသား (၃၈)ဉီး၊ အမျိုးသမီး(၂၀)ဉီးတို့ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်မှ(၂)ဉီး၊ ပျော်ဘွယ်မြို့နယ်မှ (၁)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှ(၄)ဉီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့နယ်(၁)ဉီး၊ ဓနုဖြူမြို့နယ်မှ(၃)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်မှ (၁)ဉီး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ(၁)ဉီး၊ ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်မှ(၁)ဉီး၊ သိန္နီမြို့နယ်မှ(၁)ဉီး၊ မိုင်းကိုင်မြို့နယ်မှ(၂)ဉီး၊ နမ့်ဆန်မြို့နယ်မှ (၁၁)ဉီး၊ နမ္မတူမြို့နယ်မှ(၁၀)ဉီး၊ လားရှိုး မြို့နယ်မှ(၆)ဉီး၊ ဟိုပန်မြို့နယ်မှ(၁၀)ဉီး နှင့် ပန်လုံမြို့နယ်မှ (၄)ဉီးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော် နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၅၈)ဉီးမှ ချင်းရွှေဟော်မြို့နှင့် နီးကပ်လျက်ရှိသည့် “၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်နှင့် ပန်လုံမြို့နယ်တို့မှ နေရပ်ပြန်ပြည်သူ (၁၄)ဉီးတို့အား ဟိုပန်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ဟိုပန်မြို့နယ်သို့ စနစ်တကျစီစဉ် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန် ပြည်သူ(၄၄)ဉီး တို့အား ချင်းရွှေဟော်မြို့၊ အမှတ်(၂) ရပ်ကွက်၊ မြို့တော်ခန်းမ၊ Quarantine Center တွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဉီးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ဓါတ်ခွဲနမူနာ Swab များ ရယူပြီး စစ်ဆေးနိုင်ရန် မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရသည်။
ဇင်ဇင်(ပြန်/ဆက်)