သုံးခွ ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပန်းချီပညာကို အခြေခံမှစ၍ လေ့လာနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်တို့ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြောကြားပြီး စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ပန်းချီပညာကို အခြေခံမှစ၍ လေ့လာတတ်မြောက်နိုင်စေရန် ယနေ့အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပန်းချီမျိုးနိုင်(သုံးခွ)က ကလေးပန်းချီ၊ အငယ်တန်းပန်းချီ၊ ရေဆေးပန်းချီ စသည့် ပညာရပ်များကို သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပန်းချီသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ၂-၄-၂၀၂၆ ရက်နေ့မှ ၁၀-၄-၂၀၂၆ ရက်နေ့ထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းအပြီးတွင် တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများက မြို့နယ်ရုံးမှပြသထားသော အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြသည်။
စည်သူလင်း (ပြန်/ဆက်)