ရန်ကုန် ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးနှင့် တောင်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများပါဝင်သည့် အထူးကုဆေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ဆေးရုံသို့ရောက်ရှိကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်နေပြည်သူများက ကြိုဆိုကြသည်။
ဆေးကုသရာတွင် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင်နန်းလုံဦးဆောင်၍ အထူးကုဆရာဝန်ကြီးများအဖွဲ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့်ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းမှစ၍ ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့နယ်အတွင်းရှိ ရပ်ကွက် ၉ ရပ်ကွက်မှ ဒေသခံပြည်သူ ၇၀၀ ဦးအား အထွေထွေရောဂါ၊ အရိုး၊ အကြောအဆစ်၊ ကလေးရောဂါ၊ အရေပြား၊ သားဖွား မီးယပ်၊ မျက်စိ၊ သွားနှင့်ခံတွင်း စသည့် သက်ဆိုင်ရာရောဂါများအလိုက် စစ်ဆေး၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည့်အပြင် လိုအပ်ပါက အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးကုသရေးအဖွဲ့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအဖွဲ့ဝင်များက လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)