ပုဇွန်တောင် ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံနွေရာသီအခြေခံ အားကစားနည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများက အားကစားနည်းများအလိုက် သရုပ်ပြ ပြသခဲ့သည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သင်တန်းနည်းပြများအတွက် ဂုဏ်ပြုလက်ဆောင်များနှင့် သင်တန်းသား/ သင်တန်းသူများအတွက် သင်တန်းဆင်းလက်မှတ်များအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းအား မတ်လ (၈)ရက်နေ့မှ ဧပြီလ (၂)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး Fitness Dance၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒိုနှင့် ကြက်တောင် စသည့်အားကစားနည်းများကို သက်ဆိုင်ရာနည်းပြဆရာများဖြင့် စနစ်တကျလေ့ကျင့်သင်ကြားခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
ဟန်စုယဉ်