တာမွေ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် Green Foundation တို့ပူးပေါင်း၍ ဓမ္မဒါနမေတ္တာဖြင့် ဖွင့်လှစ်ပေးသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ပြီး တာမွေမြို့နယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးမောင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်က အမှာစကားပြောကြားခဲ့ပြီး အဘိဓမ္မတက္ကသိုလ်မှ ကထိကဆရာကြီး ဦးအောင်မျိုးညွန့်(မော်ကွန်းထိန်း)မှ ဝမ်းသာပီတိစကားပြောကြားခဲ့သည်။ ထို့နောက် Green Foundation ဥက္ကဋ္ဌ ဦးဆန်းလင်းအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြတ်ဗုဒ္ဓ၏တရားတော်ကို ပူဇော်သောအားဖြင့် သုံးမိနစ်ငြိမ်သက်စွာ အာနာပါန စုပေါင်းရှုမှတ်ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာကြသူများသည် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဖတ်ပူဇော်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းတွင် ကလေးသူငယ်များအား ဗုဒ္ဓဘာသာဝင်လူမျိုးများ၏ ကိုးကွယ်ယုံကြည်မှုဆိုင်ရာများ၊ (၃၈)ဖြာမင်္ဂလာကဗျာများနှင့် ကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဆုံးမစာများကို ၂၀၂၆ ခုနှစ် ဧပြီလ (၃)ရက်နေ့မှ (၆)ရက်နေ့အထိ လေးရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် ကလေးငယ်များစိတ်အေးချမ်း ပျော်ရွှင်စွာသင်ကြားနိုင်ရေးအတွက် တာမွေမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းတင့်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများ၊ အဟာရဒါနကျွေးမွေးလှူဒါန်းခြင်း အစီအစဉ်များအပြင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထက်တံခွန်(ပြန်/ဆက်)