ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ စားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စာသုံးနိုင်စေရန်နှင့် သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်(၇) နာရီအချိန်က ကြို့ကုန်းအရှေ့ ရပ်ကွက် မဟာသုခိတာလမ်းနှင့် YIT ကျောင်းတို့တွင် ဈေးနှုန်း သက်သာစွာ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ညီနောင်အသင်းများမှ ပူးပေါင်းဆောင်ရွက်သော အင်းစိန်မြို့နယ် အတွင်းရှိ လူသွားလူလာများသောနေရာသို့ ဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သား၊ ရေချို/ရေငန်ငါးအမျိုးမျိုး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများ စသည်တို့ကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့် အလေးချိန်များနှင့် ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေး ခဲ့ကြောင်း သိရသည်။
ထို့သို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်း၊ အတွင်းရေးမှူး EO ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဦးဆောင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များနှင့် အညီ ရောင်းချပေးခဲ့ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)