ကော့မှူး ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ကစာရေးဆရာ လူထုစိန်ဝင်းရေးသားသည့် “လူငယ်နဲ့တာဝန်ယူစိတ်" စာအုပ်ဖြင့် လူငယ်စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့် ကျောင်းသား ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ဗလငါးတန်နှင့်ပြည်စုံစေရန်၊ လူငယ်များအနေဖြင့် စာဖတ်ခြင်းကို အလေ့အကျင့်ကောင်းတစ်ခုအနေဖြင့် ပြုလုပ်သင့်ကြောင်း၊ စာအုပ်စာပေများဖတ်ရှုခြင်းကြောင့် အမှားအမှန်အား ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Book Clubအဖွဲ့ဝင် ဒေါ်ခင်ထွေးရီက “ရေတစ်ဝက်ရှိတဲ့ပုလင်းကိုဘယ်လို ကြည့်မလဲ"ခေါင်းစဉ် ဖြင့်လည်းကောင်း၊ လူငယ်စာပေဝါသနာရှင် မရွှေနဒီကိုက လူငယ်နဲ့တာဝန်ယူစိတ် ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မချိုယမင်းဇော်က လူတန်ဖိုးခေါင်းစဉ်များ ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ခဲ့ကြကြောင်းသိရသည်။
ထို့နောက် Book Clubအဖွဲ့ဝင် ဒေါ်ခင်ထွေးရီကဦးဆောင် ဆွေးနွေးရာတွင် အမေရိကန်ရောက် တခြားနိုင်ငံသားတွေအားလုံးလိုလိုဟာ သူတို့ဇာတ်၊ သူတို့မျိုးနွယ်ကို မပျောက်ပျက် ရလေအောင် စုစုစည်းစည်း အသိုက်အဝန်းမပျက် နေလေ့ရှိကြကြောင်း၊ တရုတ်တန်း၊ ဗီယက်နမ်ရပ်ကွက်၊ ကိုရီးယား ရပ်ကွက်၊ မက္ကစီကန်ရပ်ကွက်စသဖြင့် ရပ်ကွက်ကြီးတွေတောင်ဖြစ်နေကြရုံမက ဘယ်ကိစ္စမဆို ကောင်းတာရော ဆိုးတာပါမကျန် စုစုစည်းစည်း သိုင်းသိုင်းဝိုင်းဝိုင်း လုပ်ကိုင်နေထိုင်ကြပါကြောင်း၊ တရုတ်မာဖီးယားဂိုဏ်း၊ ဗီယက်နမ် မာဖီးယားဂိုဏ်း၊ ကိုရီးယားမာဖီးယားဂိုဏ်းစတာတွေတောင် မနည်းလှတော့ကြောင်း၊ မြန်မာလူမျိုးအများစုကတော့ စုစုစည်းစည်း သိုင်းသိုင်းဝိုင်းဝိုင်းနေလေ့ မရှိကြကြောင်း၊ တချို့ဆို ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးအထင်ခံရမှာတောင် စိုးရိမ်ကြပြီး ယိုးဒယားလိုလို၊ အင်ဒိုနီးရှားလိုလို၊ ဗီလစ်ပိုင်လိုလိုအယောင်ဆောင်နေကြကြောင်း၊ မြန်မာတွေ ကမ္ဘာကိုထွက်တာ ဝါနုလှသေးကြောင်း၊ တရုတ်ကုလားတွေလို ဝါမရင့်သေးကြောင်း ၊ဒီတော့အသိုင်းအဝိုင်း အစုအစည်းနဲ့နေသားမကျသေးဘူးဖြစ်ကြောင်း၊ မြန်မာလူမျိုးများ နိုင်ငံခြားထွက်တာ ဝါနုသေးပင်မဲ့ တခြားလူမျိုးတွေလို မကောင်းတဲ့ဘက်မှာ နာမည်ထွက်တဲ့ မာဖီးယားဂိုဏ်တွေ မရှိတာဂုဏ်ယူဝင့်ကြွားစရာဖြစ်ပါကြောင်း၊ ရေတစ်ဝက်ရှိတဲ့ ပုလင်းကို အဆိုးဘက်က ကြည့်လို့ရသလို့ အကောင်းဘက်ကကြည့်လည်း ရပါကြောင်း၊ အကောင်းဘက်က ကြည့်တတ်သူအဖို့ လူလောကကြီးဟာ ပျော်စရာပါပြီးတော့ မြန်မာလူမျိုးဖြစ်ရတာလည်း ဂုဏ်ယူစရာဖြစ်ပါကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများအားအပြန် အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
ကျော်သူရ (ကော့မှူး)