ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေသို့ အသင်းချုပ်၏ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင် အသင်းများနှင့် အသင်းသူ၊ အသင်းသားများမှလည်း ပူးပေါင်းပါဝင်လှူဒါန်းသွားမည်

လမ်းမတော် ဇန်နဝါရီ ၁၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ (Covid-19 Vaccination Fund) သို့ အသင်းချုပ်၏ အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်းများနှင့် အသင်းသူ၊ အသင်းသားများမှ  ပူးပေါင်းပါဝင် လှူဒါန်းသွားမည် ဖြစ်ကြောင်း ဇန်နဝါရီလ (၁၁) ရက်နေ့ ကျင်းပသော အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးတို့သည် ကိုဗစ်-၁၉ ရောဂါကြောင့် ကျန်းမာရေးသာမက စီးပွားရေး၊ လူမှုရေးတို့တွင်လည်း ကြီးမား သော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက် ရှိကြသည်။ ထိုသို့ဆောင်ရွက် ရာတွင် နိုင်ငံတော်အစိုးရ သာမက ပြည်သူများ၊  ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများ အနေဖြင့် လည်း ငွေအား၊ လူအားဖြင့် ပူးပေါင်း ပါဝင်ရန် လိုအပ်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေးအတွက် နိုင်ငံတော်ဖက်မှလည်း စတင်ဝယ်ယူမှုများ ပြု လုပ်နေပြီဖြစ်နေကြောင်း၊   ရန်ပုံငွေ အတွက်ကိုလည်း အမှုဆောင်များ၊ ညီနောင် အသင်းများမှ ထည့်ဝင်လှူဒါန်းပေးစေလိုကြောင်း၊ မိမိတို့နိုင်ငံအတွက်ရော ပြည်သူပြည်သားများ အတွက်ရော လုပ်ငန်းရှင်များ မှ တစ်ထောင့် တစ်နေရာမှ ပါဝင်ပြီး လှူဒါန်းပေးစေလိုကြောင်း၊ ရရှိလာသည့် အလှူငွေများကိုလည်း အသင်းချုပ် နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေး စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ တိုက်ရိုက်လှူဒါန်း သွားမည်ဖြစ် ကြောင်း၊ ကပ်ရောဂါ ကျော်လွှားနိုင်ရန်အတွက် ကျရာနေရာမှ နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုဖြင့် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းတို့မှ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် အမှုဆောင် များမှလည်း စေတနာ ထက်သန်စွာဖြင့် ပါဝင်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

ကျော်ဆန်းမြင့် လမ်းမတော် (ပြန်/ဆက်)