လသာ ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင် လသာမြို့နယ် ကြက်ခြေနီအသင်းခွဲမှဦးစီးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၆) နှင့် (၂/၂၀၂၆) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် အ.ထ.က(၁)လသာ ဗဟိုစံပြခန်းမ ဆောင်၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ဇော်ဌေးက အမှာစကားပြောကြားပြီး လသာမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးလွင်ဦးမှ သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခြင်း၊ သင်တန်းတွင်ထူးချွန်သောသင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များအား တာ၀န်ရှိသူများကပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် တပ်ဖွဲ့ဝင်အသစ်များအား ကြက်ခြေနီဝတ်စုံများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကိုယ်စားပြု၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)