ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင် စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေသူများနှင့် တာဝန်ထမ်းဆောင် နေသော ကျန်းမာရေး ဝန်ထမ်းများကို အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)၊ အလှူငွေများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကု ဆေးရုံကြီး (အင်းစိန်)တွင် အလှူရှင်များက အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။
အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် မနှင်းနုအေးနှင့် မရည်မွန်တို့မှ အသင့်စားသုံးနိုင်သည့် ပဲပြုတ် ထမင်းကြက်ဥကြော်ပွဲ(၁၅၀)၊ ဒေါ်စန်းမြင့်မှ (၇၄)နှစ်ပြည့် မွေးနေ့ အလှူအဖြစ် အလှူငွေကျပ် (၁)သိန်း နှင့် Royal Ruby Co, Ltd. Livola (Infusion) နှင့် Hepachol မှ ငွေကျပ်(၆)သောင်းကျော် တန်ဖိုးရှိ KN95 (300) pics၊ Cap (500) pics၊ Glove (400) pics တို့ကို လှူဒါန်းရာ အင်းစိန်အထွေထွေ ရောဂါကု ဆေးရုံကြီးမှ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားကာ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)