တိုက်ကြီး ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာရှိ ဆိုလာစနစ်သုံး သပြေတန်းမြစ်ရေတင်လုပ်ငန်းဖြင့် တိုက်ကြီးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ဧကများအတွက် စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
တိုက်ကြီးမြို့နယ်၌ ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ရေလုံလောက်စွာရရှိရေးအတွက် တော်လတီကျေးရွာ၌ 620 Watts Solar PV Pannel ၁၂၉၆ ချပ်၊ 250 Watts Inverter သုံးစုံ၊ 160 KW Motor & 40 Cusec ရေတင်ပန့်သုံးစုံ ဖြင့် ဆိုလာစနစ်သုံး သပြေတန်းမြစ်ရေတင်လုပ်ငန်း ဆောင်ရွက်ခဲ့ရာ တော်လတီ၊ ဘောလကွတ်၊ ဖက်ဝန်းကုန်းနှင့် မင်းလှဝကျေးရွာအုပ်စုများရှိ နွေစပါးစိုက်ဧကများအား ဇန်နဝါရီ ၁ ရက်မှ စတင်၍ ရေပေးဝေလျက်ရှိသည်။
ယခုနှစ်နွေစပါးရာသီတွင် ဆိုလာစနစ်သုံး သပြေတန်းမြစ်ရေတင်လုပ်ငန်းမှ နွေစပါးစိုက်ဧက ၉၀၀ ဧကအား စိုက်ပျိုးရေပေးဝေနိုင်ခဲ့ပြီး မိုးတွင်းကာလတွင် ဆိုလာစနစ်မှ ထွက်ရှိသော ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများအား မြစ်ရေတင်အနီးရှိ ဝါးတောစု၊ ရိုးလေး၊ ကွေ့ကုန်း၊ စာဖြူစု၊ သပြေတန်း၊ ဝါးဘိုးစု၊ ကွမ်းခြံကုန်း၊ မင်းလှဝကျေးရွာများသို့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဝတ်ရည်(ပြန်/ဆက်)